မွေးကင်းစကလေး ကျန်းမာရေးပြဿနာများ
မွေးကင်းစကလေးငယ်များဟာ နူးညံ့လွန်းပြီး အမှားမခံတဲ့အတွက် သူတို့မှာအဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာ၊ ရောဂါတွေကို သိရှိနားလည်ထားရင် ကလေးငယ်ပြုစုရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
မွေးကင်းစမှ လေးပတ်အတွင်း ကလေးလေးတွေမှာ ဘာကျန်းမာရေးပြဿနာတွေ အဖြစ်များသလဲ?
- မွေးကင်းစ ကလေးအသားဝါရောဂါ
- ချက်ကြိုးမှတဆင့် ပိုးဝင်ခြင်း
- လျှာနှင့် အာခေါင်တွင် မှိုစွဲခြင်း
- အရေပြားတွင်ပိုးဝင်ခြင်း၊ ပြည်ဖုသေးသေးလေးများဖြစ်ခြင်း
- အစာမကြေ လေထိုးလေပွခြင်း
- ဆီးပူ၊ ဝမ်းပူလောင်ခြင်း
- အဆုပ်ရောင်ခြင်းနှင့် နမိုးနီးယားဝင်ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ဦးနှောက်အမြှေးယောင်ခြင်း စတာတွေ အဖြစ်များပါတယ်။
မွေးကင်းစမှ လေးပတ်အတွင်း ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
- မွေးကင်းစ ကလေးအသားဝါရောဂါ
မွေးစကလေးတွေမှာ အသည်းအလုပ်ကောင်းကောင်းမလုပ်နိုင်သေးလို့ အသားဝါတတ်ပါတယ်။ မွေးပြီး ၃ရက် မှ ၅ ရက်အတွင်း ဖြစ်တတ်ပါတယ်။ အရေပြား၊ မျက်လုံး၊ ဆီးတွေ ဝါနေတတ်ပါတယ်။ ပေါင်မပြည့်လမစေ့တဲ့ ကလေးများ၊ မွေးဖွားစဥ် ထိခိုက်မိခြင်းများ၊ မိခင်ဝမ်းဗိုက်တွင်းမှာ ကူးစက်ရောဂါဝင်ခဲ့သူများ၊ မွေးရာပါရောဂါပါလာကြသူများမှာ ပိုဖြစ်ပါတယ်။ များသောအားဖြင့် ၅ ရက်ကျော်သွားရင် အလိုလို အဝါဓာတ်ပြန်ကျသွားတတ်ပြီး အချို့သောကလေးတွေမှာတော့ မီးပြရတာ၊ သွေးလဲရတာတွေ ရှိတတ်ပါတယ်။ မွေးကင်းစကလေးအသားဝါရောဂါဟာ အဝါဓာတ်များလွန်းပြီး ဦးနှောက်ထဲထိဝင်သွားရင်တော့ ဦးနှောက်ထိခိုက်တာ၊ ဉာဏ်ရည်မမီတာ၊ အသက်အန္တရာယ်ပေးတာမျိုးတွေဖြစ်စေတဲ့အတွက် မပေါ့ဆသင့်ပါဘူး။
- ချက်ကြိုးမှတဆင့် ပိုးဝင်ခြင်း
များသောအားဖြင့် ၇ ရက် မှ ၁၀ ရက်အတွင်း ချက်ကြွေသွားတတ်ကြပါတယ်။ ဗိုက်ထဲမှာတုန်းက ရေပိုက်လေးသဖွယ် မေမေနဲ့ဆက်သွယ်ပြီး အဟာရနဲ့ စွန့်ထုတ်ပစ္စည်းတွေ ဖလှယ်ခဲ့တဲ့ ကလေးရဲ့ချက်ကြိုးဟာ အနာမကျက်သေး၊ မကြွေသေးချိန်မှာ သန့်ရှင်းစွာမထားရင်တော့ သူ့ဝမ်းခေါင်းတွင်းကို ပြင်ပရောဂါပိုးတွေ တိုက်ရိုက်ဝင်ရောက်စေနိုင်တဲ့ နေရာလေးတစ်ခုဖြစ်လို့နေပါတယ်။ ချက်ကြိုးအရောင်ပြောင်းနေတာ၊ နီနေ ယောင်နေ နာနေတာ၊ ချက်ကြိုးမှသားငံရည် စိမ်းစိမ်းဝါဝါနှင့်သွေးကျတာ၊ အနံ့နေတာ၊ ဖျားလာတာဆိုရင် ပေါ့ဆလို့မရပါဘူး။ နောက်ဆက်တွဲ ဆိုးဝါးတဲ့ ဝမ်းတွင်းအမြှေးပါးယောင်ရမ်းတာ၊ သွေးကြောယောင်ရမ်းတာ၊ အူပုပ်တာ၊ အသည်းမှာအနာဖြစ်တာတွေကနေ အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါတယ်။
- လျှာနှင့် အာခေါင်တွင် မှိုစွဲခြင်း
ကလေးပါးစပ်အနီး၊ လျှာ၊ နှုတ်ခမ်း၊ ပါးစောင်အတွင်းမှာ အဖြူအဖတ်ဖတ်ကလေးတွေ ဖြစ်နေတတ်ပါတယ်။ ရေစိုအဝတ်လေးနဲ့သုတ်ပေးလိုက်ရင်ပျောက်သွားလေ့ရှိပါတယ်။ မှိုရှင်းခံတွင်းအစက်ချဆေးတွေ သုတ်လိမ်းပေးလို့ရပါတယ်။
- အရေပြားတွင်ပိုးဝင်ခြင်း၊ ပြည်ဖုသေးသေးလေးများဖြစ်ခြင်း
မွေးစမှ တစ်ပတ်အတွင်း ကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ အထူးသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ်ပေါ်မှာ ပြည်ဖုသေးသေးလေးတွေပေါ်တတ်ပါတယ်။
- အစာမကြေ လေထိုးလေပွခြင်း
ကလေးကို ခဏခဏ စူးစူးဝါးဝါးငိုစေတဲ့ တရားခံပါ။ ၆လအောက်ကလေးတွေမှာ အဖြစ်များပါတယ်။ နို့တိုက်ပြီးနောက် ၁၅ မိနစ်ကြာခန့် ကလေးကို ထောင်မတ်ပေးထားပါ။ အစက်ချလေဆေးတိုက်ပေးလို့ရပါတယ်။
- ဆီးပူ၊ ဝမ်းပူလောင်ခြင်း
ကလေးလိင်အဂ်ါ၊ တင်ပါးကြားနှင့် ပေါင်ကြား ဒိုက်ယာပါဝတ်တဲ့ နေရာလေးတွေမှာ နီရဲယောင်ရမ်းပြီး အင်ပြင်လို အဖုလေးတွေထနေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်ပေးတာ မပြောင်ဘဲ ဆပ်ပြာကျန်တာ၊ ဆီးဝမ်းတွေ အချိန်ကြာထိတာ၊ စိုပြီးညစ်ပတ်နေတဲ့ အဝတ်ကို မလဲပေးတာ၊ ကြပ်လွန်းတဲ့ ဒိုက်ယာပါဝတ်လို့ဖြစ်တာပါ။
သတိပြုစရာ အချက်များ
ကျန်းမာတဲ့ကလေးလေးဖြစ်အောင် ပြုစုစောင့်ရှောက်ဖို့ အရေးကြီးတဲ့ ဒီအချက်လေးတွေကို သတိပြုပေးရပါမယ်။
-
နူးညံ့လွန်းတဲ့ သူတို့ဟာ ပြင်ပရောဂါတွေကို ခံနိုင်ရည်မရှိသေးတဲ့အတွက် လက်ကိုအမြဲသန့်ရှင်းအောင်ပြုလုပ်ပြီးမှသာ ကလေးကိုကိုင်တွယ်ပါ။ ကလေးငယ်နဲ့ ထိတွေ့တဲ့ အနှီး၊ စောင်၊ ဂွမ်း၊ မေမေ့အကျ်ီ စတဲ့ အရာမှန်သမျှဟာလည်း သန့်ရှင်းနေဖို့လိုပါတယ်။
-
မိခင်နို့၊ ကလေးနို့ဘူးနဲ့ ချိုလိမ်တို့ သန့်ရှင်းရေးကို ဂရုပြုရပါမယ်။ မျက်နှာနဲ့ပါးကိုနမ်းတာ၊ အစာဝါးခွံ့တာ မလုပ်ရပါဘူး။
-
မျက်နှာ၊ မျက်လုံး၊ လျှာတို့ကို ရေစိုအဝတ်သန့်သန့်ဖြင့် သန့်ရှင်းပေးပါ။
-
ဆီး၊ ဝမ်း သွားပြီးချိန်တိုင်းမှာ ချက်ချင်းသန့်ရှင်းရေးလုပ်ပေးပြီး ခြောက်သွေ့အောင်ထားပါ။ ဒိုက်ယာပါခရမ်၊ ဇင့်အောက်ဆိုက်အဆီလိုမျိုး လိမ်းပေးပါ။
-
အနာမကျက်သေး မခြောက်သေးတဲ့ ချက်ကြိုးကို ဘာဆေး၊ ဘာအမှုန့်မှ လိမ်းမပေးရပါ။ လိုအပ်ရင် အရက်ပြန်ဂွမ်းလေးနဲ့ သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။
-
ကလေးငယ်လေးတွေဟာ ကိုယ်ခန္ဓာအပူချိန်ထိန်းညှိတဲ့စနစ် ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် ပူလွန်းအေးလွန်းတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်နဲ့ အဝတ်အစားကို ရာသီဥတုနဲ့ ကိုက်ညီ သမမျှတအောင် ထားပေးရပါမယ်။
-
သတ်မှတ်ထားတဲ့ကာကွယ်ဆေးများလည်း ရက်ချိန်းအတိုင်း မှန်မှန်ထိုးပေးထားပါ။
အန္တရာယ်ရှိလက္ခဏာတွေ ဖြစ်တဲ့
- နို့ကောင်းကောင်းမစို့တော့ခြင်း
- အသက်ရှုရခက်ခဲနေခြင်း
- ခန္ဓာကိုယ်ပူလွန်းအေးလွန်းခြင်း
- အရေပြားပေါ်တွင် အနီကွက်များဖြစ်ပေါ်ခြင်း၊ အသားအရောင်ပြောင်းလာခြင်း၊ ပြာလာခြင်း
- လှုပ်ရှားမှုမရှိ ငြိမ်လွန်းခြင်း
- ဂနာမငြိမ်ဖြစ်နေခြင်း များဖြစ်လာရင်တော့ အဆုပ်ရောင်ခြင်းနှင့် နမိုးနီးယားဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးယောင်ခြင်း စတဲ့ရောဂါများလည်း ဖြစ်နေနိုင်တတ်တဲ့အတွက် ဆရာဝန်နဲ့ချက်ချင်းပြသဖို့ အရေးကြီးပါတယ်။
မွေးကင်းစကလေးပြဿနာများနှင့် ပတ်သက်ပြီးလည်း မွေးကင်းစ အထူးကု၊ ကလေးအထူးကုဆရာဝန်များနှင့် လိုအပ်သလို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
zinmaroo 04 Apr 2024 |
ကလေး 7 ရက် အသားဝါနေလို့ပါ နို့လည်းကောင်းကောင်းမစို့လို့ပါ ယခု မီးပြထားတာ 12 နာရီရှိပါပြီ ထပ်ပြဖို့လည်း လိုသေးတယ်ပြောပါတယ်ရှင် ဆိုးကြိုးနဲ့ အန္တရာယ်ရှိမရှိ သိချင်ပါတယ်